ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Saturday, November 22, 2008

ဂျိုသား

ညကအကြောင်းတစ်ခုကြောင့် ဖိုးကျော် အိမ်မှာမအိပ်ဖြစ်လိုက်ပါ။ သူငယ်ချင်းတစ်ယောက် အိမ်မှာပဲ အိပ်ခဲ့ပါတယ်။ မနက်ကျတော့လည်း ၉ နာရီမတ်တင်းကျမှ နိုးပါတယ်။ တစ်ညလုံး အ blog ကောင်းခဲ့လိုပေါ့။

၉ နာရီမတ်တင်းဆိုတော့က ရေချိုးလို့ မဖြစ်တော့။ မျက်နှာသစ်ပြီး လမ်းလျောက်ထွက်ခဲ့ပါတယ်။ (ရုံးနဲ့ အိမ်နဲ့ က အနီးလေးမို့ ပါ။) ဒါပေမယ့် ဖိုးကျော်က လမ်းလျောက်ဖို့ ဇာတာမပါဘူးထင်ပါ့။ ဒီရုံးနဲ့ အိမ်အနီလေး ဆိုတာကိုတောင် ရောက်အောက် မလျှောက်လိုက်ရပါဘူး။ လမ်းတစ်ဝက်မှာတင် ဖိုးကျော်ရှေ့ Van တစ်စီး ထိုးရပ်ပြီးကားထဲကနေ မျက်နှာဖြူ တစ်ယောက်ဆင်းလာပါတယ်။ (ကျေးဇူးပြုပြီး သူတို့ ကိုကျွန်တော် မျက်နှာဖြူလို့ ခေါ်ကြောင်း ပြန်မပြောပြနဲ့ နော်။) ထုံးစံအတိုင်း သူ့ နောက်က ဖိုးကျော်လို (သူတို့ မျက်နှာဖြူတွေ ခေါ်သလိုမျိုး) မျက်နှာဝါ တစ်ယောက်နဲ့ ပေါ့။

မျက်နှာဖြူနဲ့ နှုတ်ဆက်လိုက်ပြီးတော့ ဖိုးကျော်တို့ မျက်နှာဝါချင်း တစ်ခွန်းနှစ်ခွန်း ရောလိုက်ပါတယ်။ သဘောပေါက်ပြီ။ ဖိုးကျော်သက်ပြင်းတစ်ချက်ပဲ ချလိုက်ပါတယ်။ ရေမချိုးခဲ့မိတာကိုပဲ နောင်တရ ရမလိုဖြစ်နေပါပြီ။ တော်သေးတယ် မျက်နှာလေးတော့ သစ်ခဲ့မိလို့ ။

ဖိုးကျော် ကားပေါ် တက်ဖို့ ပြင်လိုက်တယ်။ မျက်နှာဖြူကြီးက အဆင်ပြေလားလို့ မေးတယ်။ ဖိုးကျော်စိတ်ထဲဖြစ်နေတာနဲ့ ဆန့်ကျင်စွာနဲ့ပဲ ခေါင်းညိတ်လိုက်ပါတယ်။ မျက်နှာကတော့ ပြုံးလို့ ပေါ့။ ဖိုးကျော် Van ကြီးပေါ်တက်ပြီးလိုက်တော့ ထင်မှတ်မထားတဲ့ မျက်နှာဖြူတွေကြား မျက်နှာပါတစ်ယောက်စ နှစ်ယောက်စ (စုစုပေါင်းတော့ သုံးယောက်စပေါ့နော်။) ရောနေတဲ့ လူအုပ် (ဆယ်ယောက်လောက်ရှိမည်ထင့်။) တစ်အုပ်တွေ့ လိုက်ရပါတယ်။ ဟိုက်မထူးတော့ပြီ။

‘အားလုံးပဲမင်္ဂလာပါ’
လို့ နှုတ်ဆက်ပြီး အနီးဆုံး လွတ်နေတဲ့ နေရာထိုင်လိုက်ပါတယ်။ ထိုင်လဲပြီးရော ဖိုးကျော်အားလုံးကို စိတ်ထဲကနေ မေတ္တပို့ နေပါတော့တယ်။

‘ဒီလောက်ကျောင်းကို တစ်နေကုန်ခရီး လိုက်ခိုင်းမှာများ ဖုန်းလေးတစ်ချက်တောင် မဆက်ပဲ လမ်းကျမှ ကောက်ခေါ်သွားတယ်။’

‘လိုလိုမယ်မယ် လိုက်ကူညီဖို့ လည်းမဟုတ်’
‘ဒီမျက်နှာဖြူ လက်သမားအုပ်ကြီးနဲ့ ဟိုကျောင်းက မျက်နှာဝါတွေ စာသင်ခန်းအတူတွဲဆောက်တာကို ကြားက စကားပြန် လုပ်ပေးရမှာများ..’
‘ခါတိုင်းလို ရုံးနောက်ကျမှာ မစိုးရိမ်ပဲ ရေသာချိုးဖြစ်ခဲ့ရင်... ’ ‘ဟင်း.. ငါကပဲကံဆိုးတာလား သူတို့ ကိုက ကံကောင်းလွန်းတာလား’

လမ်းတစ်လျောက်လုံး မေတ္တပို့ ဖို့ ခဲထားပါတယ်ဆိုနေမှ ကားထွက်လို့ မှမကြာသေးဘူး အနားမှာထိုင်တဲ့ Canada ကဆိုတဲ့ ဖွားလေး (အဖွားအရွယ်လား လေးလေးအရွယ်လား ဝေခွဲရခက်လို့ ‘ဖွားလေး’ လို့  ခေါ်တာပါ။) က စပါတော့တယ်။

Canada ကသူ့ မိသားစုပုံတွေ၊ သူ့ ခွေးလေးပုံတွေ၊ သူနေတဲ့ မြို့ ကပုံတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြပါတယ်။ နောက်ပြီး သူတို့ တွေ အားလပ်ချိန်မှာ ဘာတွေလုပ်ကြောင်း ‘Chronological Order’ နဲ့ ကို စဉ်ပြီး ပြောပြပါတယ်။ နောက်ဆုံး ထိုင်းနိုင်ငံရဲ့ အစားအစားတွေကို သူ မည်သို့ မည်ပုံ နှစ်သက်ကြောင်း မနေ့ ကလည်း မြန်မာပြည်ကို သူအလည်ရောက်ခဲ့ကြောင်း၊ မြန်မာပြည်ရောက်ခိုက် သူကိုကျွေးတဲ့ အစားတစ်ခုကိုလည်း အလွန်ပင် နှစ်သက်မိကြောင်း၊ အမှတ်တရအနေနဲ့  သူ့ နိုင်ငံကိုပြန်သယ်သွားဖို့ လည်း စိတ်ကူးကြောင်း ဆိုပြီး သူ့  အိတ်ထဲနှိုက်ပါတယ်။
သူပြောသမျှအားလုံးထဲက အဲ့ဒီတစ်ခုကိုတော့ ဖိုးကျော် အာရုံနည်းနည်း ရောက်သွားပါတယ်။ ဘာမို့ လို့ ကိုယ့်နိုင်ငံ ပြန်ယူသွားရလောက်အောင် ကြိုက်ရတာလဲလို့ ပေါ့။ သေသေချာချာကို တစ်ရှူးနဲ့ အုပ်ထားတာပါ။

ဖိုးကျော်စိတ်ထဲက
‘အဲ... မြန်မာအစားထဲမှာ တစ်ရှူးနဲ့ အုပ်လောက်တဲ့အစားက ဘာများလဲ။ အဲ.. အနံ့တစ်ခုရတယ်ဟ။ ဒါငါးခြောက်နံပဲ။ သေချာပါပြီ။’

ဖွားတော်ကြီးက
‘ဒါပဲလေငါအရမ်း ကြိုက်တဲ့ မြန်မာအစားအစာ။’
လို့ ပြောလာတာကို ဘာမှန်း သိနှင့်ပြီးဖြစ်လို့  ဖိုးကျော် မကြည့်ချင်တော့ပေမယ့်....

‘ဟေ့...နင့်ဟာကြီး ပြန်ထုတ်ထားလိုက်။ ဒီမှာ Van ကြီးတစ်ခုလုံး နံကုန်ပြီး ၀ှီးမှပဲ။’

နောက်က Other Canadians တွေအော်တဲ့အသံပါ။ ဖိုးကျော်တစ်ယောက် ငိုရခက် ရယ်ရခက်။ ၀ှီး.. တွတ်ပီသာ ဖြစ်လိုက်ချင်တော့တယ်။



မှတ်ချက်။ ။ မည်သူ၊ မည်ဝါ၊ မည်သည် မည်သည့်အရာကိုမျှ မည်ပုံ၊ မည်သို့သော ရည်ရွယ်ချက်မျှ မထားရှိပါ။ ရင်ထဲရှိသည်အား ချရေးရုံမျှသာ။


ဒိုး

0 comments:

 
© free template by Blogspot tutorial